ဥရုဂွေး တိုက်စစ်မှူး ဒါဝင် နူညက်ဇ် ကတော့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်မှာ ခြေစွမ်းမပြနိုင်ဖြစ်နေတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နူညက်ဇ်က သူ့အနေနဲ့ အသင်း အတွက် အစွမ်းကုန် ကြိုးစားပေးသွားမယ်လို့ ကတိပေး စကား ပြောကြားလာခဲ့ပါတယ်။
ဒါဝင် နူညက်ဇ်က “ပြီးခဲ့တဲ့ ၃ ပတ်လောက်က ကျွန်တော် အကောင်းဆုံး မဟုတ်ခဲ့သလို၊ အခုလည်း ကျွန်တော် အဆုံးဆုံး မဟုတ်ပါဘူး။ တကယ်လို့ ကျွန်တော် လဲကျခဲ့မယ် ဆိုရင် ကျွန်တော် ပြန်ထမှာပါ။ ကျွန်တော် ဘယ်တော့မှ အရှုံးမပေးဘူး ဆိုတာ ခင်ဗျားတို့ မြင်တွေ့ရမှာပါ။ လစ်ဗာပူးလ်မှာ ရှိနေသမျှ ကာလပတ်လုံး ကျွန်တော့် အနေနဲ့ အသင်း အတွက် နောက်ဆုံး အချိန်ထိ အစွမ်းကုန် ပေးဆပ်သွားမှာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။
ဒါဝင် နူညက်ဇ် အနေနဲ့ ပြီးခဲ့တဲ့ အက်စတွန်ဗီလာနဲ့ ပွဲစဉ်မှာ အံ့အားသင့်ဖွယ် ဂိုးပေါက် လွဲချော်မှုကြောင့် ဝေဖန်တာတွေ ခံနေရပြီးတော့ နည်းပြ ဖြစ်သူ အာနေး ဆလော့တ် ကလည်း ဥရုဂွေး တိုက်စစ်မှူးရဲ့ လွဲချော်မှု အတွက် စိတ်ပျက်ခဲ့ရကြောင်း ဝန်ခံထားခဲ့ပါတယ်။ ဒါပေမယ့် ဆလော့တ်က နူညက်ဇ်ရဲ့ တစ်ပွဲလုံး စွမ်းဆောင်ရည်က အသင်း အတွက် အကျိုးသက်ရောက်မှု ရှိခဲ့ကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။
ဆလော့တ်က “အခွင့်အရေးတွေ လွဲချော်လို့ ရပါတယ်။ ဒါပေမယ့် လုပ်အားနှုန်းတော့ မလျော့စေနဲ့လို့ ကျွန်တော် သူ့ကို ပြောမှာပါ။ ဒါက တိုက်စစ်မှူး တစ်ယောက်ရဲ့ ဘဝပါ။ သူအခွင့်အရေးတွေ လွဲချော်လို့ ရပေမယ့် ဂိုးတွေတော့ သွင်းရပါလိမ့်မယ်။ ဒါက နံပါတ် ၉ ရဲ့ အလုပ် တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ နံပါတ် ၉ ကစားသမား တစ်ယောက်က လုပ်အားနှုန်းကျနေလို့ မရပါဘူး။ အဲဒီလို ဆိုရင်တော့ ကျွန်တော်တို့ စကားပြောဖို့ လိုအပ်ပါပြီ။ သူ့ရဲ့ လွဲချော်မှုတိုင်းကို ကျွန်တော် လက်ခံပေးလို့ ရပါတယ်။ အထူးသဖြင့် ဘရန့်ဖို့ဒ်နဲ့ အရေးကြီး ပွဲစဉ်မှာ သွင်းဂိုး ၂ ဂိုး ရယူပေးထားတဲ့ ကစားသမားဆီက လွဲချော်မှုတွေကို လက်ခံပေးမှ ရပါလိမ့်မယ်။ ကျွန်တော် သူ့ကို ဂိုးပိုသွင်းစေချင်ပါတယ်။ ဒါပေမယ့်လည်း အခွင့်အရေးရဖို့ကလည်း လိုပါသေးတယ်။” လို့ ဆိုပါတယ်။

ဆက်လက်ပြီး “ဒါတွေက အခွင့်အရေး ဖြစ်ပါတယ်။ ၁၀၀ ရာခိုင်နှုန်း အပြည့် ဖြစ်ရမယ်လို့တော့ မဟုတ်ပါဘူး။ လွဲချော်တာကို လက်ခံနိုင်ပေမယ့် အခွင့်အရေး လွဲချော်ပြီးတဲ့ အချိန် သူဖြစ်သွားတဲ့ အမူအယာ ကိုတော့ ကျွန်တော် လက်ခံဖို့ ခက်ခဲပါတယ်။ သူ့ခေါင်းထဲမှာ တွေးစရာတွေ အရမ်း များနေတယ်၊ ဒါက ဒါဝင်ရဲ့ ပုံစံ အမှန်မဟုတ်ဘူး။” လို့လည်း ဆလော့တ်က ပြောကြားခဲ့ပါတယ်။
အသက် ၂၅ နှစ် အရွယ် ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူး ဒါဝင် နူညက်ဇ်ဟာ ၂၀၂၂ နွေရာသီမှာ ဘင်ဖီကာ ကနေ ပရီးမီးယားလိဂ် ထိပ်သီး လစ်ဗာပူးလ်ကို အပိုဆုကြေးတွေ အပါအဝင် ပေါင် ၈၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နူညက်ဇ်က လစ်ဗာပူးလ်ကို ရောက်ရှိချိန် ကတည်းက ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ခြင်း မရှိသလို အပိုင်အခွင့်အရေးတွေလည်း မကြာခဏ လွဲချော်နေတာကြောင့် ဝေဖန်မှုများစွာနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒါဝင် နူညက်ဇ်ဟာ အက်စတွန်ဗီလာကို ၂-၂ ရလဒ်နဲ့ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း လူစားဝင် ကစားခဲ့ပြီး ဂိုးရနိုင်တဲ့ အပိုင်အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း ဒါဝင် နူညက်ဇ်က သူ့အနေနဲ့ အရှုံးမပေးကြောင်းနဲ့ လစ်ဗာပူးလ် အတွက် အစွမ်းကုန် ကြိုးစားပေးသွားမှာ ဖြစ်ကြောင်း ကတိပေး စကားဆိုလာခဲ့တာ ဖြစ်ပါတယ်။
ဒါဝင် နူညက်ဇ်ဟာ ဒီရာသီမှာ လစ်ဗာပူးလ် အတွက် ပြိုင်ပွဲစုံ ၃၅ ပွဲ ကစားရာမှာ ၆ ဂိုးသာ သွင်းယူထားနိုင်သေးပြီး ပုံမှန် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပါတယ်။ ဒါ့အပြင် နူညက်ဇ်ဟာ ဘရန့်ဖို့ဒ် ဘက်ကို ၂ ဂိုး သွင်းယူခဲ့တဲ့ ပွဲနောက်ပိုင်း ၈ ပွဲဆက် ဂိုးပေါက် ပျောက်ဆုံးနေခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.