ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် တိုက်စစ် ကစားသမား ကိုင် ဟာဗက်ဇ် ကတော့ ဒူဘိုင်းမှာ လေ့ကျင့်ခန်းဆင်းနေစဉ် တံကောက်ကြော ကြွက်သား ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ဒီရာသီရဲ့ လက်ကျန် ပွဲစဉ် အားလုံးကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။
ဒီသတင်းကို The Athletic က ဖော်ပြခဲ့တာ ဖြစ်ပြီး ဂျာမနီသားက ပြီးခဲ့တဲ့ အင်္ဂါနေ့က ဒဏ်ရာ ရရှိခဲ့ပြီးနောက် ဒဏ်ရာ ပြင်းထန်မှု ရှိမရှိနဲ့ ပတ်သက်လို့ စစ်ဆေးခံရတော့မှာ ဖြစ်ကြောင်း ဖော်ပြခဲ့တာပါ။ အသက် ၂၅ နှစ် အရွယ် ဂျာမန် လက်ရွေးစင် အနေနဲ့ လက်ရှိ ဒဏ်ရာ ပြသာနာ အတွက် ခွဲစိတ်မှု ခံယူရမယ်၊ မခံယူရဘူး ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့်လည်း လာမယ့် ဘောလုံး ရာသီ မှသာ ပြန်လည် ကစားပေးနိုင်ဖွယ် ရှိနေရတယ်လို့ သိရပါတယ်။
ဒါကြောင့် အခုလို ဟာဗက်ဇ် ဒဏ်ရာရသွားခဲ့တာက အစောထဲ ကမှ သိသိသာသာ အားနည်းနေတဲ့ အာဆင်နယ်ရဲ့ တိုက်စစ်ပိုင်း အတွက် ထပ်ဆင့် ထိုးနှက်ချက် ဖြစ်သွားခဲ့ရပါတယ်။ သတင်းကောင်း ကတော့ အားထားရတဲ့ တောင်ပံ ကစားသမား ဘူကာယို ဆာကာက အသင်းနဲ့ အတူ ဒူဘိုင်း ခရီးစဉ်မှာ လိုက်ပါလာခဲ့ပေမယ့် ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ပေါင် ဒဏ်ရာ ခွဲစိတ် ကုသမှု ခံယူထားရတာကြောင့် လာမယ့် မတ်လလောက် အထိ အနားယူရနိုင်ပါသေးတယ်။ နောက်ထပ် တိုက်စစ်မှူး တစ်ဦး ဖြစ်တဲ့ ဂါဘရီရယ် ဂျေဇုစ် ကလည်း ACL ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူရဦးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မာတင်နယ်လီ ကလည်း ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ ခရာဘောင်ဖလား ပွဲစဉ်မှာ တံကောက်ကြော ဒဏ်ရာရသွားတာကြောင့် တစ်လနီးပါး အနားယူဖွယ် ရှိနေပါတယ်။ လက်ရှိ အခြေအနေတွေက အာဆင်နယ်ရဲ့ ဆုဖလား မျှော်လင့်ချက်တွေ အတွက် သေချာပေါက် အတားအဆီးတွေ ဖြစ်လာဖို့ ရှိပြီး ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ တိုက်စစ်မှူး မခေါ်ယူနိုင်ခဲ့တာ ကလည်း စိတ်ပျက်စရာပါပဲ။ ဟာဗက်ဇ်ဟာ ဒီရာသီမှာ အာဆင်နယ် အတွက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရသည့် တိုင်အောင် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၃၄ ပွဲ ကစားကာ ၁၅ ဂိုး သွင်း ၅ ဂိုး ဖန်တီးထားနိုင်တဲ့ ကစားသမား ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဆောင်းရာသီ အပြောင်းအရွှေ့ကာလတုန်းက တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ တက်ကြွစွာ လုပ်ဆောင်ခဲ့သလို အာတေးတား ကိုယ်တိုင် ကလည်း တိုက်စစ် ကစားသမား တစ်ဦး ရှာဖွေပေးဖို့ အသင်းကို တောင်းဆိုခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အသင်း ဘက်က ကစားသမား ခေါ်ယူမှုနဲ့ ပတ်သတ်လို့ သေချာလုပ်ဆောင်ပေးခဲ့ခြင်း မရှိခဲ့သလို အက်စတွန်ဗီလာ တိုက်စစ်မှူး အိုလီ ဝက်ကင်န်ကို ကမ်းလှမ်းခဲ့ပေမယ့်လည်း သဘောတူညီမှုတော့ မရခဲ့ပါဘူး။
လက်ရှိမှာ အာဆင်နယ် အနေနဲ့ တိုက်စစ် ကစားသမားတွေရဲ့ ဒဏ်ရာ အခြေအနေတွေကြောင့် တိုက်စစ်မှာ ရွေးချယ်စရာ ကစားသမားတွေ အဖြစ် လီအန်ဒရို ထရော့ဆက်ဒ်၊ နွမ်နရီနဲ့ ရာဟင်းမ် စတာလင် တို့သာ ရှိနေပါတယ်။ ဒီအခြေအနေမှာ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အနေနဲ့ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် တိုက်စစ်မှူးတွေနဲ့ ရေတို အစားထိုးသင့်ကြောင်း တချို့ကလည်း သုံးသပ်နေကြပါတယ်။ အကယ်၍ အာဆင်နယ်သာ ခေါ်ယူချင်မယ် ဆိုရင်တော့ အသင်းရဲ့ တိုက်စစ်မှူးဟောင်းတွေ ဖြစ်ခဲ့ဖူးတဲ့ ကားလို့စ် ဗယ်လာ၊ လူးကပ်စ် ပီးရက်ဇ်တို့ အပြင် ဒီယေဂို ကော်စတာ၊ မာရီယာနို ဒီးယက်ဇ်၊ မက်ဆီ ဂိုးမက်ဇ်၊ ဘန်ရက်ဒါ တို့ကို အလွတ်နဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ အာဆင်နယ် နည်းပြ မီခဲလ် အာတေးတား အနေနဲ့ လက်ကျန် တိုက်စစ်မှူး အနည်းငယ်နဲ့ လက်ကျန် ပွဲစဉ်တွေကို ဖြတ်သန်းမလား တခြားသော ဘယ်လို ပုံစံမျိုးနဲ့ တိုက်စစ် ပြဿနာကို ဖြေရှင်းမလဲ ဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.