ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒိုက ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး အားကစားသမား စာရင်းမှာ ထိပ်ဆုံး ကနေ ထပ်မံ ရပ်တည်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အားကစား ဝက်ဘ်ဆိုက်ဒ် Sportico ရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုဟာ စုစုပေါင်း ဝင်ငွေ အမေရိကန် ဒေါ်လာ သန်း ၂၆၀ နဲ့ ထိပ်ဆုံး ကနေ ရပ်တည်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး အားကစားသမား စာရင်း မှာတော့ ဘောလုံး၊ ဘတ်စကတ်ဘော၊ ဘေ့စ်ဘော၊ ဂေါ့ဖ်နဲ့ လက်ဝှေ့ အားကစားသမားတွေ လွှမ်းမိုးထားခဲ့တာ ဖြစ်ပြီး ထိပ်ဆုံး အယောက် ၁၀၀ရဲ့ ပြီးခဲ့တဲ့နှစ် ဝင်ငွေ စုစုပေါင်းဟာ ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၆.၂ ဘီလီယံခန့် ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီပမာဏထဲ မှာတော့ ကွင်းတွင်း ရရှိတဲ့ ဆုကြေး၊ လုပ်ခ လစာ ဝင်ငွေ အမေရိကန် ဒေါ်လာ ၄.၈ ဘီလီယံ အပြင် ကွင်းပြင်ပ ကနေ ရရှိတဲ့ စပွန်ဆာ ဝင်ငွေ အမေရိကန် ဒေါ်လာ ၁.၄ ဘီလီယံ လည်း ပါဝင်တယ်လို့ သိရပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ဆော်ဒီပရိုလိဂ် ကို ပြောင်းရွှေ့ခဲ့ပြီးနောက် အဲလ်နာဆာနဲ့ အတူ သူ့ရရှိခဲ့တဲ့ အကျိုးအမြတ်တွေအရ နှစ်နှစ်ဆက်တိုက် ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က အသက် ၄၀ ပြည့်ခဲ့တဲ့ ပေါ်တူဂီ တိုက်စစ်မှူးကြီးဟာ လစာ ဝင်ငွေ အနေနဲ့ အမေရိကန် ဒေါ်လာ ၂၁၅ သန်းနဲ့ စပွန်ဆာ ဝင်ငွေ ဒေါ်လာ ၄၅ သန်း ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒါတောင် ရော်နယ်ဒိုဟာ ၂၀၂၄ ခုနှစ်မှာ ၂၀၂၃ ခုနှစ်ကထက် ဝင်ငွေ အမေရိကန် ဒေါ်လာ ၁၅ သန်း လျော့ကျသွားခဲ့ပါသေးတယ်။ အကယ်၍ ရော်နယ်ဒို အနေနဲ့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာနဲ့ စာချုပ်သက်တမ်း ထပ်မံ တိုးမြှင့် ဖြစ်ခဲ့ရင်တော့ လက်ရှိ ရပ်တည်မှုကို နောက်နှစ်တွေမှာလည်း ဆက်လက် ထိန်းသိမ်းထားနိုင်ဦးမှာပါ။

ရော်နယ်ဒိုဟာ ကမ္ဘာပေါ်က တခြားသော အားကစားသမားတွေထက် များစွာ သာလွန်ခဲ့ပြီး စာရင်းအရ ဆိုရင် ဒုတိယနေရာမှာ ရပ်တည်နေတဲ့ Golden State Warriors ရဲ့ ဘတ်စကတ်ဘော ကစားသမား စတီဖန် ကာရီထက် ဒေါ်လာ သန်း ၁၀၀ ကျော် ပိုများခဲ့ပါတယ်။ NBA ကြယ်ပွင့် ကတော့ ၂၀၂၄ ခုနှစ် အတွင်း ဝင်ငွေ အမေရိကန် ဒေါ်လာ ၁၅၃.၈ သန်း ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ဗြိတိန် လက်ဝှေ့ကျော် တိုင်ဆန် ဖျူရီက အမေရိကန် ဒေါ်လာ ၁၄၇ သန်းနဲ့ တတိယ နေရာမှာ ရပ်တည်ခဲ့ပြီး အင်တာ မိုင်ယာမီရဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီ ကတော့ အမေရိကန် ဒေါ်လာ ၁၃၅ သန်းနဲ့ စတုတ္ထနေရာမှာ ရပ်တည်ခဲ့ပါတယ်။ ထိပ်ဆုံး ၅ ဦး စာရင်းထဲ မှာတော့ NBA ရဲ့ အသက်အကြီးဆုံး ကစားသမား ဖြစ်တဲ့ LA Lakers က လီဘရွန် ဂျိမ်းစ်လည်း အမေရိကန် ဒေါ်လာ ၁၃၃.၂ သန်းနဲ့ ပါဝင်ခဲ့ပါတယ်။
၂၀၂၄ အတွင်း ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး အားကစားသမား အယောက် ၁၀၀ စာရင်းမှာ နိုင်ငံပေါင်း ၂၇ နိုင်ငံက အားကစားနည်း ၈ မျိုးက အားကစားသမားတွေသာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ထိပ်ဆုံး အယောက် ၁၀၀ စာရင်းမှာ ဘောလုံး လောကက ၁၂ ဦး ပါဝင်ခဲ့ပြီးတော့ ရော်နယ်ဒို၊ မက်ဆီ၊ နေမာ၊ ဘန်ဇီမာ၊ အမ်ဘာပေး၊ ဟာလန်း၊ ဆာလာ၊ ဗင်နီးစီးယပ်စ်၊ မာရက်ဇ်၊ မာနေး၊ ဟယ်ရီကိန်းနဲ့ ဒီဘရွန်းနားတို့ ဖြစ်ပါတယ်။ ဝင်ငွေ အကောင်းဆုံး စာရင်းမှာ အများဆုံး ပါဝင်ခဲ့သူတွေ ကတော့ ဘတ်စကက်ဘော ကစားသမားတွေ ဖြစ်ပြီး စုစုပေါင်း ၃၆ ဦး အထိ ပါဝင်ခဲ့ပါတယ်။
အမေရိကန် အိုးပင်း ချန်ပီယံဟောင်း ဂေါ့ဖ် ကစားသမား ကိုကို ဂေါ့ဖ် ကတော့ အမျိုးသမီး အားကစားသမားတွေထဲမှာ ဝင်ငွေ အကောင်းဆုံး ဖြစ်ခဲ့ပေမယ့် အယောက် ၁၀၀ စာရင်းမှာတော့ ပါဝင်ခဲ့ခြင်း မရှိပါဘူး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.